ကျွန်တော့်ကဗျာတွေကို ဒီဘလော့မှာသာမက ဖေ့ဘွတ်ခ်မှာလည်း ကြည့်ရှုလို့ရအောင် page တစ်ခု ထောင်ထားပြီးပြီုဖစ်ကြောင်း အသိပေးလိုပါတယ်။ page နာမည်က ငါတို့ဟာမင်းသားယောင်ဆောင်ထားတဲ့မင်းသားတွေဖြစ်ပါတယ်။
Friday, August 29, 2014
Saturday, June 28, 2014
ရွှေကြယ်မိုးနှင့် ရိုမန်းဘော့ဂယက်
ကျွန်တော်ဟာ ဒီစာအုပ်ကို ဆရာအောင်ရင်ငြိမ်းစတင် မ ရေးသားခင် တည်းက ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဆရာက သူမရေးခင် ဇာတ်လမ်းအကျဉ်း ပြောပြတယ်။ ကျွန်တော်က
ဒီဇာတ်လမ်းဟာ အတော်အတန်ဝေဖန်ခံရမယ့် ဇတ်လမ်းဆိုတာ ဆရာ့ကိုပြောပြခဲ့ပါတယ်။
ကျွန်တော်နဲ့ ဆရာအောင် ရင်ငြိမ်းဟာ အတူတကွ နေထိုင်ကြသူတွေဖြစ်ပါတယ်။ ဝေဖန်ခံရမယ့် ဇာတ်လမ်းလို့သိပေမယ့် မွန်းကြပ်ပိတ်လှေင်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးကို ထက်မြက်တဲ့ စာပေအရေးသားတွေနဲ့ ဖောက်ထွက်မှရမယ်လို့ ယူဆထားသူဖြစ်တဲ့အတွက် ဒီစာအုပ်မျိုးရေးဖို့ ဝမ်းသာအားရ ထောက်ခံခဲ့ပါတယ်။ ဆရာကလည်း ဒီလိုအယူအဆကြောင့် ရေးသားပုံဖော်ခဲ့တာဖြစ်ပါတယ်။
ဆရာက အနုပညာအားအရမ်းကောင်းတယ်ဆိုတာကျွန်တော် ရင်ဘတ်နဲ့လွယ်ပြီး ယုံကြည်သူဖြစ်ပါတယ်။ အပြာခန်းတွေအတွက် ဆရာက ရေးခဲ့တာ လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော်ရဲရဲကြီးပြောချင်ပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်အဖုံးမှာ ၁၈ နှစ်အောက်မဖတ်ရနဲ့ ကွန်ဆာဗေးတစ်တွေအတွက်မဟုတ်လို့ ကြေညာထားတာပါ။ ဒီစာအုပ်ထွက်လာတြော စာအုပ်နဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းတွေကို ဂယက်ရိုက်ခဲ့ပါတယ်။
ဆရာ့စာအုပ်ကို ထောက်ခံတာကြောင့်ရယ် အတူတူနေပြီး မလုပ်ဖို့မတားခဲ့တာတွေရယ်ကြောင့် ကျွန်တော့်အပေါ်လည်း များစွာဖိအားပေးခြင်းခံခဲ့ရပါတယ်။
ဒီ့အတွက်လုံးဝမမှုပါဘူး။
ထပ်ပြောရရင် ကျွန်တော်ဟာ ဆရာ့ရဲ့ ယုံကြည်ချက်ကို နဲနဲလေးမှ သံသယဝခြင်းလုံးဝမရှိပဲ ယုံကြည်ပါတယ်။
အဲ့ဒီ့အတွက် ကျွန်တော် နောင်တရခြင်းလုံးဝမရှိပဲ ဂုဏ်တောင်ယူမိပါသေးတယ်။
ရွှေကြယ်မိုး
၀၉ ၃၁၄၂၁၆၇၄
ဒီဇာတ်လမ်းဟာ အတော်အတန်ဝေဖန်ခံရမယ့် ဇတ်လမ်းဆိုတာ ဆရာ့ကိုပြောပြခဲ့ပါတယ်။
ကျွန်တော်နဲ့ ဆရာအောင် ရင်ငြိမ်းဟာ အတူတကွ နေထိုင်ကြသူတွေဖြစ်ပါတယ်။ ဝေဖန်ခံရမယ့် ဇာတ်လမ်းလို့သိပေမယ့် မွန်းကြပ်ပိတ်လှေင်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးကို ထက်မြက်တဲ့ စာပေအရေးသားတွေနဲ့ ဖောက်ထွက်မှရမယ်လို့ ယူဆထားသူဖြစ်တဲ့အတွက် ဒီစာအုပ်မျိုးရေးဖို့ ဝမ်းသာအားရ ထောက်ခံခဲ့ပါတယ်။ ဆရာကလည်း ဒီလိုအယူအဆကြောင့် ရေးသားပုံဖော်ခဲ့တာဖြစ်ပါတယ်။
ဆရာက အနုပညာအားအရမ်းကောင်းတယ်ဆိုတာကျွန်တော် ရင်ဘတ်နဲ့လွယ်ပြီး ယုံကြည်သူဖြစ်ပါတယ်။ အပြာခန်းတွေအတွက် ဆရာက ရေးခဲ့တာ လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော်ရဲရဲကြီးပြောချင်ပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်အဖုံးမှာ ၁၈ နှစ်အောက်မဖတ်ရနဲ့ ကွန်ဆာဗေးတစ်တွေအတွက်မဟုတ်လို့ ကြေညာထားတာပါ။ ဒီစာအုပ်ထွက်လာတြော စာအုပ်နဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းတွေကို ဂယက်ရိုက်ခဲ့ပါတယ်။
ဆရာ့စာအုပ်ကို ထောက်ခံတာကြောင့်ရယ် အတူတူနေပြီး မလုပ်ဖို့မတားခဲ့တာတွေရယ်ကြောင့် ကျွန်တော့်အပေါ်လည်း များစွာဖိအားပေးခြင်းခံခဲ့ရပါတယ်။
ဒီ့အတွက်လုံးဝမမှုပါဘူး။
ထပ်ပြောရရင် ကျွန်တော်ဟာ ဆရာ့ရဲ့ ယုံကြည်ချက်ကို နဲနဲလေးမှ သံသယဝခြင်းလုံးဝမရှိပဲ ယုံကြည်ပါတယ်။
အဲ့ဒီ့အတွက် ကျွန်တော် နောင်တရခြင်းလုံးဝမရှိပဲ ဂုဏ်တောင်ယူမိပါသေးတယ်။
ရွှေကြယ်မိုး
၀၉ ၃၁၄၂၁၆၇၄
Thursday, April 3, 2014
ဒို့ကျောင်း
ဒို့ကျောင်း
ကျောင်းရှေ့  ၀ါးကွပ်ပစ်ပေါ်က
မော့ကြည့်လို့ မြင်ရတဲ့ ကြယ်တွေလောက်
ဘယ်ကောင်းကင်ညမှ မလှပခဲ့ဖူးဘူး
မိုးသည်းည ရေဖွေးဖွေးရာသီထဲ
နောက်ဖေးချောင်းလက်တက်လေးပေါ် သီချင်းတွေအော်ဆိုကြတာတွေ
စွတ်စိုကြေကွဲ ဆောင်းရာသီ နံနက်ခင်းတလျှောက်
ငွေရောင်ဖွါရာစတွေ ထောင်းထောင်းထခဲ့တာတွေ
ဘယ်မှာ ပြောကုန်နိုင်ပါ့မလဲ
မြေးအဘိုးတွေ ဆော့ကစားသံနဲ့
အိပ်ရာထတတ်တဲ့ ငါတို့ ၀ါးကျောင်းလေးမှာ
ခင်ဝမ်းရဲ့  နှုတ်ဆက်ခဲ့ပါတယ်သီချင်းနဲ့ ၀ိုင်းဝိုင်းရဲ့  ဖြေသိမ့်လိုက်သီချင်းက
အကောင်းဆုံး နှစ်သိမ့်ဆေးတွေ ဖြစ်ခဲ့တာပေါ့
ဆရာအောင်ရင်ငြိမ်းရဲ့  နှင်းဆီတစ်ခင်း
မျက်စိရှေ့ မှာတင် ပွင့်ဝေကြွေကျ မမြဲခြင်းတွေ
ငါတို့ အားလုံး ရင်ဘတ်နဲ့ လွယ်ခဲ့ကြရ
အနီးဆုံး ဝေးမလား
အဝေးဆုံး နီးကြမလား
အားလုံးရဲ့  စိတ်အနာတရတွေကို ကုစားဖို့
အပြည်ပြည်ဆိုင်ရာဗုံးခွဲသောနေ့ လုပ်လိုက်ပါလားဆိုပြီး
ငါတို့ နောက်ပြောင်ခဲ့တယ်
ဘ၀ကိုလည်းသင်ရ စာကိုလည်းအံရ
စာသင်ခုံမလုံလောက်တဲ့ငါတို့ကျောင်းကလေးပေါ်
ဘယ်လို အရိပ်ဆိုးတွေ ထိုးလာဦးမလဲ
သတိရလိုက်တာ
ကတ္တရာလမ်းမထက်က ကြယ်ရင်ပြင်ကြီးထဲ
ကဗျာတွေ ရွတ်ခဲ့ကြပုံ
ဝါးကွပ်ပစ်ပေါ်လှဲပြီး
ကုက္ကိုကိုင်းတွေနဲ့ ဆွဲထားတဲ့
သဘာဝပန်းချီကားကြီးကိုဖြတ်
ကောင်းကင်ကြီးကို စိတ်နဲ့ထုဆစ်ရတာလည်း
အရသာတစ်ခုပဲ
ဆရာရွှေကြယ်မိုးအိပ်တဲ့
ကြမ်းခင်းအောက်မှာ ဆေးလိပ်တိုပင်လယ်ကြီးရှိတယ်လို့
မင်းတို့တတွေ စကားလုပ်ပြီး ပြောနေကြဦးမလား
မျှော်လင့်ချက်မဲ့လာလေလေ
လူတွေဟာ သူပုန်ဖြစ်မှန်းမသိဖြစ်လာလေလေ
ငါတို့ရဲ့  သူပုန်မွေးမြူရေးစခန်းလေး
လူတန်းစားပညာရေးဆာလောင်မှုတွေအပေါ်
အံတွေကြိတ်ပြီးခရီးနှင်ခဲ့ရ
ဦးနှောက်ထက် နှလုံးသားကပိုမာတယ်
ငါတို့ ကျောင်းလေးပေါ် နေပြောက်တွေကျအလာ
တချိန်ကလျှံတက်ခဲ့ဖူးတဲ့ ချောင်းငန်ရေတွေ
ဘယ်ချောင်မှာသွားပုန်းပြီး ငိုနေမလဲ တွေးမိတယ်။ ။
ရွှေကြယ်မိုး
(ဒလမြို့ နယ် ရာဇသင်္ကြန်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ဒို့ကျောင်းအခမဲ့စာသင်ကျောင်းလေးဟာအခုခါမှာ ကျောင်း ကြမ်းခင်းပြင်ဆင်ရေးအတွက် အလှုငွေလိုအပ်လျက်ရှိပါတယ်။ လက်ရှိအသုံးပြုထားတဲ့ ၀ါးကြမ်းခင်းဟာ ဆွေးမြေ့  နေပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်လျက်ရှိပြီး ၀ါးကြမ်းများ ကျိုးပဲ့နေမှုကြောင့်
ခလေးများ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရရှိနေပါတယ်။
သင်္ကြန်ပိတ်ရက်မှာ ကျောင်းကြမ်းခင်းအသစ်လဲဖို့ စီစဉ်ထားပြီး အလှုငွေ တတ်နိုင်သမျှ ပါဝင်ကူညီကြပါရန်နှင့် ပညာရေးလိုအပ်ချက်များအတွက် တစ်ထောင့်တစ်နေရာက တတ်စွမ်းသ၍ ပါဝင်ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ကျောင်းတာဝန်ခံက ကဗျာဆရာ ရွှေကြယ်မိုးဖြစ်ပြီး ကျောင်းသင်တန်းကြီးကြပ်သူက ကဗျာဆရာ အောင်ရင်ငြိမ်းဖြစ်ပါတယ်။
ဆက်သွယ်ရန်ဖုန်းနံပါတ်က ရွှေကြယ်မိုး (09-31421674)ဖြစ်ပါတယ်။)
(ဒလမြို့ တော် သတင်းဝက်ဆိုဒ်မှ ကောက်နုတ်ချက်)
Sunday, March 30, 2014
မောင်- ကဗျာရှည်
၁)
မိုးတိမ်တွေညိုမဲလာရင်
ပိတ်ထားရတဲ့ လှေဆိပ်လေးလို
အမှန်တရားဟာ ဘယ်တုန်းကများ
အခွင့်သာခဲ့လို့လဲ
ဘယ်သူမှ ဒီအတိုင်းပဲ
မထားခဲ့ကြပါနဲ့
ရိုးသားတဲ့ မဖြူစင်ကို ကူပါ
ကျွန်တော့်ကို ပေးမယ့်
လက်ခုပ်သံတွေအစား
မဖြူစင်အတွက်
ဆေးတွေကို ပေးပါ
သူသူကိုယ်ကိုယ် ကြောက်ခဲ့ကြသလို
အခက်အခဲဆိုတာ ဘယ်တော့မှ
တရားမျှတမှုမရှိခဲ့ပေမယ့်
သောက်နေကျ ဆေးလိပ်လေးနဲ့
လပြည့်ညကို ကုန်ဆုံးရဲသလိုမျိုး
လဲကျရင်ပြန်ထဖို့ ပြန်ခုခံဖို့
မဖြူစင်အတွက် မောင်ရှိနေတယ်
ကုပ်ကိုပင်အို လွမ်းရိပ်ညို ဆိုလား
ဟောဒီ့လမ်းကလေးရဲ့  အုံ့ဆိုင်းမှုအောက်မှာ
ဟိုဘက်ကမ်းကမဖြူစင်အတွက်
ဒီဘက်ကမ်းက မောင် ရှိနေတယ်
အနာတခြား ဆေးတခြား
လောကကောင်းကင်ကြီးအောက်
ဘယ်တော့မှ ထာဝရမဆန်တဲ့
မမြဲခြင်းတွေကို လျစ်လျူရှုရင်း
မဖြူစင်ရဲ့ ဖြစ်တည်မှုအတွက်
ဒီဘ၀မှာ မောင်ရှိနေတယ်
ရေမြေခြားမှုတွေ
အနာမရင်းဖို့ ဒီဆောင်းမှာ
ကိုက်ခဲမှုမှန်သမျှ
တွန်းလှန်ရင်း
မဖြူစင်ရေ
မောင်ရှိနေတယ်
(၂)
နန်းဆန်တာ ခေတ်မှီလာသလို
မဖြူစင်ရဲ့  ဟန်တွေ ကဗျာဆန်လာခဲ့တယ်
ဂန္တ၀င်ထဲက မိန်းမပျိုတစ်ယောက်လိုလည်း
တဖြည်းဖြည်းချင်း ဖြူဖျော့နွဲ့နှောင်းလာတယ်
ထင်ထင်ရှားရှားဖြူစင်လာတဲ့အခါ
လိုချင်တဲ့အရောင်ကို ခြယ်ကြဖို့
လူတွေက မဖြူစင်အနား
ကျည်တောက်စွပ်ခြေလှမ်းတွေနဲ့
တိုးကပ်လာတာ ဘယ်ခံနိုင်ပါ့မလဲ
ယုန်နဲ့အတူပြေးရင်း
ခွေးနဲ့အတူလိုက်နေတဲ့
လူတွေရဲ့  နံရံကြီးကို
မောင်တို့အမြစ်တွေက
အက်ကြောင်းထစေခဲ့ပြီ
ဒီအမြစ်တွေကို ခုတ်ဖြတ်ဖို့ရာ
သူတို့ရဲ့  လက်တွေဟာ
သေဆုံနေးခဲ့တာ ကြာပြီလေ
ချစ်ခြင်းမေတ္တာကို
လူတွေက ငွေကြေးနဲ့ ၀ယ်ကြမှာ
နွား (၃)ရှည်းလား
လယ်ဧက (၂၀)လား
ငွေသိန်း (၂၀)လား
နေကွယ်ကွယ်ချင်း
ဆုပ်ကိုင်လိုက်မိတဲ့
မဖြူစင်ရဲ့ 
လက်ကောက်ဝတ်
သွေးကြောထဲ
မောင့်မီးခိုးဖြူတွေ
နီဆွေးစီးဝင်သွားတဲ့နေ့မှာ
ဟောဒီ့လောကကို
မောင်တို့နိုင်ခဲ့တာပေါ့
ကောက်ကောက်ပါအောင်
လိုက်သွားရမိမတတ်
မာယာပန်းတွေ ဝေနေတဲ့
လူ့ယန္တာရားကြီးက သူခြွေချပေးတဲ့
မီးပွါးတွေကို ငုံ့မနမ်းရကောင်းလား
ဒေါသထွက်လို့ ရန်ကုန်မြစ်ကို
ပိုကျယ်သွားသယောင်
ဆွဲဆန့်ပစ်လိုက်တယ်
(၃)
ဆေးလိပ်တွေနဲ့မှ
နေပျော်တယ်လို့ ပြောပြရင်း
စိုးရိမ်တတ်တဲ့ မဖြူစင်ရဲ့ 
မျက်ဝန်းညိုညိုတွေမှာ
နှစ်ယောက်သားသံယောစဉ်တွေ
မောင့်ကြောင့် ရောဂါရကုန်မှာ
စိုးရိမ်နေတယ်
မဖြူစင်
ကြည့်စမ်းပါဦး
မော့ကြည့်လို့ မြင်ရတဲ့
ကောင်းကင်ဟာ
မောင်တို့ အရိုင်းခေတ်ကြီးပေါ့
ကြမ္မာရိုင်းတော့
ဘယ်လိုအလှတရားမျိုးကိုမှ
လူသားဆန်ဆန် မဆက်ဆံတတ်ဘူး
၅၀၅ (ခ) လား
(၁၈) လား
ပြောစမ်း
မဖြူစင်ရဲ့  ဖြူစင်ခြင်းကို
ဘယ်ပုဒ်မတပ်ပြီး
ဖျက်ဆီးနိုင်မယ်တဲ့လဲ
အလွှာလိုက်မြင်နေရတဲ့
နှုတ်ခမ်းပါးမှာ
နာကျင်နေတဲ့
မျက်စိသူငယ်အိမ်အတွက်
ကြယ်တွေဝေနေတဲ့
သီချင်းတွေရှိမှန်း
မောင်သိတယ်
တစ်ယောက်နဲ့တစ်ယောက်
မမေ့မလျော့ ရှင်သန်ကြရင်း
မြစ်တစ်ဖက်ခြားရက်စွဲတွေမှာ
မဖြူစင်ဝယ်ပေးခဲ့တဲ့
ဂျိုးသိန်းဆေးပေါ့လိပ်လေးတွေနဲ့
ကဗျာပန်းတွေ ဒို့ကျောင်းအရိပ်အောက်
ဖူးဖူးရွရွ ၀င့်ဝေခဲ့တာပေါ့
အဇဋာ ဘယ်လောက်ငိုငို
ရင်ထဲက မိုးတွေ ပြိုမကျမိဖို့ပဲ
အရေးကြီးတယ် မဟုတ်လား မဖြူစင်
ဒလမြစ်လို့ပဲခေါ်ခေါ်
ရန်ကုန်မြစ်လို့ပဲခေါ်ခေါ်
မောင်တို့ကြားက
ဇင်ယော်တွေ ကဗျာဆန်ဆန်
တောင်ပံခတ်တတ်ပုံကို
ကြည့်စမ်းပါဦး
(၄)
ရင်ဘတ်ထဲ ဘယ်လောက်ပဲ
နှင်တွေ ဝေနေ ဝေနေ လူ့ဝန်းကျင်ဟာ
ကြောက်မက်ဖွယ်ရာ ခြောက်ခန်းရင်း
စိတ္တဇဟာ နှစ်ယောက်သားကို
သွေးလန့်လာစေတယ်
မဖြူစင်ရဲ့  ရွာအ၀င် ပုံပြင်တွေကို
တောထုတ်လို့ရရင် မောင်ကိုယ်တိုင်
သံပုံးတွေတီး ဟိုးအဝေးကို
မောင်းထုတ်ပြချင်တယ်ဆိုတာ
မောင်ခင်တွယ်ရတဲ့
မောင့်အတ္တ အစစ်အမှန်ပါပဲ
လောကဓံကို မပွေ့ပိုက်ရင်တောင်
လောကဓံက မောင်တို့ကို လာ ပွေ့ပိုက်မှာပဲ
မိသားစုအရေးတွေ ကြမ်းတမ်းနေပြီလား
ကျမျက်ရည်ချောင်းဖြစ်နေတဲ့ ပါးပြင်လေး
မောင့်ကို အမြဲတမ်း နာကျင်စေတယ်
ဘ၀နဲ့ ဆန္ဒ တစ်သားထဲ မကျလည်း
မိုးကုတ်စက်ဝိုင်းတွေ အထပ်ထပ်ဆီ
လျှောက်လည်နေကြဦးမယ်
အိပ်မက်အလွန်က စိတ်ကူးအိမ်မှာ
အချိန်နာရီတွေ ထပ်တူဖြစ်နေကြဦးမယ်
ဒီကမ္ဘာကို
မောင်ဖန်တီးခဲတာ မဟုတ်သလို
မဖြူစင်ဖန်တီးခဲ့တာလည်း မဟုတ်ခဲ့
အများသူငါ ပြောပြသလို
ထာဝရဘုရားရဲ့  ဖန်တီးမှုမှာ
ဘ၀တွေကို လုံးပါးပါးခံရမလား
ထူးခတ်ခံနေရတဲ့ ဘ၀မှာ
မြေနိမ့်ရာ လှံထပ်စိုက်ခဲ့ရသလို
ဘယ်ဗျိုင်းမှ မနားပဲ လေရိုင်းတွေဝှေ့တိုင်း
ပေါက်ပင်တွေလို ကိုင်းညွတ်ခဲ့ရတယ်
ပန်းတိုင်ကို မရောက်လည်း
နေပါစေတော့
အတိတ်မှာ စွဲကျန်ရစ်ခဲ့မယ့်
ဒီနေ့တွေမှာပဲ နေခဲ့ကြမယ်
ခန္ဒာကိုယ်တွေ ကျန်မနေခဲ့ရင်တောင်
မောင်တို့ရယ်သံတွေ ကဗျာတွေ အားလုံး
ဒီမြေက မြေသားမြေမှုန်တွေနဲ့အတူ
ကျန်ခဲ့ရမယ်
ကံကြမ္မာဆိုတာကို
ဖန်တီးခံလူတန်းစားတွေ
လွန်ဆန်ခွင့်မရှိဘူးဆိုရင်လည်း
ရ၀မ်ဒါက ဘ၀တွေလို
လည်စင်းပေးလိုက်ကြမယ်လေ
မမြဲခြင်းတရားမှာ
မောင်တို့ခံစားရသလို
ထာဝရဘုရားသခင် ကိုယ်တိုင်
တန်ပြန်ခံစားရပါစေသား…။
(၅)
ဒီအချိန်
ပိုက်ဆံငါးသိန်းရှိရင်
ဆူးလေတံတားပေါ်တက်
လာသမျှလူတွေကို
ပိုက်ဆံတွေ ဝေပေးမယ်ဆိုတဲ့
မောင်လို လူစားမျိုးအတွက်
သက်ပြင်းတွေ
ဘယ်နှကုဋေလောက်
ကြွေကျခဲ့ပြီးပြီလဲ မဖြူစင်
တစ်ချိန်ကျရင် မီးတောင်တစ်လုံး
မောင်တို့ဘက်ခြမ်းမှာ ပေါက်ကွဲထွက်လာမှာ
မဖြူစင်မကြောက်ပေမယ့်
ခြေတစ်လှမ်းကျွံခဲ့ဖူးတဲ့မောင်က
တတိတိနဲ့ ခြောက်လှန့်ခံနေရတယ်
အသက်ရှုနေသေးသ၍
မှားယွင်းခွင့်ရှိတယ်ဆိုတာ
သိပေမယ့်
မဖြူစင်ရဲ့  ဘ၀ထဲ
ကျွံကျဖို့ အသင့်ဖြစ်နေတဲ့
မောင်ဟာ
အဲ့ဒီ့လို ကျွံကျသွားခဲ့ရင်
မဖြူစင်များ နာကျင်ရဦးမလား
တွေးပူမိတယ်
ရေပုံးလေးနဲ့ ရေသွားငင်လေ့ရှိတဲ့
လှိုင်ရီရီခံတပ်ကလေး ခုအဝေးမှာ
မဖြူစင်ကော သွားလည်ဦးမှာလား
သံသရာဆိုတာ တကယ်ရှိခဲ့ရင်ဆိုပြီး
ရောဂါတွေတိုးလာနေလိုက်တာ
လက်ချောင်သွယ်သွယ်လေးထဲ
ပန်းချီဆန်တဲ့ မြစ်ပြင်လေးကို ပွေ့ချီရင်း
အနာဂါတ်အတွက် မောင်လာပြီ
မဖြူစင်ရေ အားလုံးအတွက်
မောင်လာပြီ
ပန်းချီဆန်တဲ့ လမ်းကလေး
ငေးရီကြည့်လို့ရတယ်
ကဗျာဆန်တဲ့ သီချင်းကလေး
နားထောင်တိုးညည်းလို့ရတယ်
ဒီဘ၀ဒီကာလထဲ
အတိတ်ကပန်းတွေ ပွင့်ုမြိုင်နေရမယ်
မဖြူစင်ရေ
မောင်လာပြီ
နောက်ဆုံးစစ်မြေပြင်ကို
ထွက်မယ့်
စစ်သူရဲကောင်းလို
မောင်လာပြီ
ချစ်ရပါသော မောင်လာပြီ
မဖြူစင်ရေ
(၆)
ခြံထဲ ချောင်းငံရေတွေ
လျှံတက်လာတုန်းက
အတွေးပေါက်ပြီး ရေးထားတဲ့
ကဗျာအပိုင်းအစလေး
နှစ်ယောက်သားအလယ်ခေါင်မှာ
သံနဲ့ရိုက်ထားလိုက်ပါလား
ကမ္ဘာမြေတစ်နေရာက
မြေစာပင်ဘ၀တွေကလည်း
နူးညံ့တတ်ပါတယ် ဆိုတဲ့
စကားပုံတွေကို
အသက်သွင်းပစ်ချင်သေးတယ်
နှစ်ယောက်သား ကြားက
မြစ်ကြောင်းလေးပေါ်
ဆေးလိပ်မီးခိုးတွေကတဆင့်
ပြောမပြဖြစ်သေးတဲ့
စကားတွေပျံတက်သွားတာရယ်
တစ်ယောက်အိပ်မပျော်တဲ့ညမှာ
တစ်ယောက်အိပ်မရဘူးဆိုတာတွေရယ်ဟာ
ယုံတမ်းစကားတွေမှ မဟုတ်တော့တာ
လူတွေကညစ်ထေးနေတယ်
ညီမလေးက မလိမ်မာဘူးဆိုတဲ့
မဖြူစင်ရဲ့  သက်ပြင်းလေးနဲ့
မောင့်လှေလေးကို အပြင်းလှော်ခဲ့တယ်
မောင်လာပြီ မဖြူစင်ရေ
မောင်လာပြီလေ
ကမ္ဘာပေါ်မှာ ရှိရှိသမျှသော
မီးတောက်တွေလို အစွမ်းကုန်တောက်လောင်ဖို့
မောင်လာပြီ မဖြူစင်ရေ
ချစ်တဲ့မောင်လာပြီ
အလင်းရောင် စိတ္တဇမှာ
အမှောင်ဘောင်ဘင်တွေ
ခက်ထန်နေပြီလား
မောင်လာပြီလေ
မဖြူစင်ရေ
မောင်လာပြီ
(၇)
လှိုင်းရဲ့  အရိပ်ဟာ
အမှန်တကယ်တော့
အိပ်မက်မြူတွေ မဟုတ်တန်ရာ
ဒီလို ပင့်သက်ရှိုက်လိုက်ရုံနဲ့
ဘယ်လို ကျောက်တောင်တွေ
အံတုတင်းခံနိုင်ပါ့မလဲ
စိတ်ကိုရွက်ကုန်ဖွင့်ပြေးတော့
ဒဏ္ဍာရီကမ္ဘာထဲ ပုံပြင်ကြီးတစ်ပုဒ်
ဖြစ်သွားတာပေါ့ မဖြူစင်
အိပ်မက်တွေ
ကြယ်လိုကြွေသွားတာ
ကြည့်ချင်သေးလို့လား
မောင်တို့ခေတ်ကိုက
စုန်းစုန်းနစ်သထက် နစ်ခဲ့တာ
အများသောက်တဲ့ မိုးခါးရေထဲ
မောင်တို့ အသွေးအသားတွေ
ခါးသက်မသွားဖို့ပဲ လိုမယ်
အမှောင်သန်းရုံကလေး
ပတ်ဝန်းကျင်ကို ဖြတ်ကူးကြည့်တော့
မမြင်ရခြင်းမှာ မြင်ရခြင်းတွေ
ကျဆုံးနိုင်ကြောင်း
သတင်းရတယ်
ဝေးတယ်ဆိုရုံကလေး
ဘ၀ကို ကျီစယ်ကြည့်တော့
မျက်ရည်မထွက်တဲ့ ငိုကြွေးခြင်းဟာ
ဟန်ဆောင်အပြုံးတွေကို
အသက်မဲ့စေကြောင်း
သိလိုက်ရတယ်
ခေတ်ကြီးကလှည့်ဖျားလိုက်
စိတ်ကစိတ်ကို လှည့်ဖျားလိုက်နဲ့
သံယောစဉ်အမျှင်တွေ
တန်းသထက် တန်းလာရင်း
တစ်ဖက်မှာ လောကဓံဟာ
အပျော့ဆွဲဆွဲလို့
ရှုံးနိမ့်ခြင်းနယ်ပယ်ကို
ချဲ့ ထွင်နေတယ်
ငယ်ငယ်တည်းက
စိတ်ကူးထဲအခါခါသာခဲ့တဲ့
အဖြူရောင်လေးအတိုင်း
တွေးတောသာယာနိုင်ဖို့
မောင့်ကို အဖြူရောင်လို့ပဲ
သဘောထားပေးပါ
မဖြူစင်ပေးခဲ့တဲ့
ဗေဒါရောင်ဘော့ပင်လေးဟာ
မောင့်ရင်ထဲက
အဖြူရောင်တွေကို
အမြဲတမ်း ကဗျာဖြစ်စေခဲ့တယ်
(၈)
ဓနိမိုးထရံကာလေးထဲမှာ ဖြစ်ဖြစ်
ဂူနန်းသမျှ နွေးထွေးတဲ့ တိုက်တာထဲမှာ ဖြစ်ဖြစ်
ဘယ်ရင်ခုန်သံကမှ ဟောဒီ့ခေတ်မှာ
ကြိုးညှိလို့ရတဲ့ ဂီတဖြစ်လာမှာ မဟုတ်ဘူး
မျဉ်းကောက်တွေနဲ့ စည်းမျဉ်းချထားတဲ့
နိုင်ငံတော်မှာ ဘယ်သူမှ မျဉ်းဖြောင့်ဖြစ်ချင်လို့
မရဘူး ဟုတ်တယ်မလား မဖြူစင်
သတ္တိရှိတယ်ဆိုတာ
ဘ၀ကို ဘ၀နဲ့ ရင်းပြီးမှ
ခန္ဓာကိုယ် နာကျင်ရမယ့် အဖြစ်မျိုး
ဟင့်အင်း
ဒီဘက်က ဘ၀တွေမှာ
မောင့်ကို စစ်ရှုံးခွင့်ပေးပြီး
အဖြူစင်ရဲ့  အဖြူရောင်ကို
ထာဝရပွေ့ဖက်ခွင့် ပြုလိုက်တော့နော်
အရေပြားတစ်ခုလုံး ဖောက်ချလိုရင်
ရွှေရောင်ဆံပင် ကွေ့ကွေ့ဝိုက်ဝိုက်အောက်က
ရေကြည်အိုင်မျက်ဝန်းကလေး
ထည့်ဖျော်ထားတဲ့
ဘယ်လောက်ကျဲကျဲ ရနံ့မပြယ်တဲ့
ကော်ဖီတွေ စီးကျလာမှာ သေချာတယ်
အိပ်မက်ထဲမှာ
အိပ်စက်နည်း အသစ်တွေလား
စိတ်ကို ဖမ်းမမိခင်
လေးလေးလံလံ လှုပ်ရှား
ညရဲ့  အသွေးအသားတွေ
စိတ်စိုထိုင်းမှိုင်းလာရင်း
ဇန်န၀ါရီဟာ
မြန်မြန်ဆန်န်
ပြီးဆုံးသွားသယောင်
လှည့်စားခံနေရတယ်
မောင့်ရဲ့ သွေးညိုရောင်
လက်ချောင်းတွေ
ဒီမြေမှာ စစ်တံခွန်တွေ
ရုတ်သိမ်းပြီးသွားသည်အထိ
အသက်ဓါတ်ကျန်ရှိဦးမလား
မဖြူစင်ကိုလိုချင်တယ်
မဖြူစင်ကိုလိုချင်တယ်
မဖြူစင်ကိုလိုချင်တယ်
ဒီလိုနဲ့ သွေးမလျှောက်တော့တဲ့
ဒီလက်တွေ မြဲမြံနေခဲ့တာပေါ့
လူတွေ
ဘယ်ဘာသာတရားကို
ကိုးကွယ်ကြပါစေ
အမှန်တရားမှာ
ကျွန်တော်သည်သာ
ဖြူစင်သူဖြစ်ရမည်ပေါ့
ဘယ်လောက်
ကြည်နူးစရာကောင်းသလဲ
မဖြူစင်
ဒါပေမယ့် ဟော့ဒီ့
အစိမ်းရောင်ခေတ်ကြီးမှာ
ပြုပြင်ပြောင်းလဲရေးအမည်တွေ
ခံကြရင်း မောင့်ဘ၀ဟာ
အကြိမ်တစ်ရာမက
ရှုံးခဲ့ပြီးပါပြီ
ဖြူစင်သူတွေ
ရှုံးနိမ့်ထွက်ခွါရတဲ့
လောကတဲ့လား
ကိုခင်ဝမ်းသီချင်းလေ
လွမ်းလွမ်းဆွေးဆွေး
ညည်းမိတယ်
(၉)
ဆေးခါးတစ်ခွက်ပေမယ့်
အထိအတွေ့တွေဟာ အားပိုရှိလာသလို
ဟောဒီ့သံသရာပတ်လမ်းကို
စွန်းထင်းခံရယ်သံတွေက
လှပတဲ့ အလှတရားဖြစ်အောင်
ချော့မြူလို့ ရှေ့ ဆက်ဖို့အားပေးလို့
မောင်လာပြီ မဖြူစင်ရေ
မောင်လာပြီ
လှမ်းမမြင်နိုင်တဲ့
နဂါးငွေ့တန်းတွေ အဆုံးထိ
လျှောက်လမ်းကလေးဟာ
ရှည်လျားသထက်
ရှည်လျားလာရင်း
မဖြူစင်ရေ
မောင်လာပြီလေ
ချစ်တဲ့
မောင်လာပြီ
အဝေးကို အနီးဖြစ်အောင်
မောင်လာပြီ
အလွမ်းကို အနမ်းဖြစ်အောင်
မောင်လာပြီ
မဖြူစင်ရေ…။ ။
ရွှေကြယ်မိုး
Friday, December 27, 2013
လှိုင်ရီရီခံတပ်မှ နေ၀င်ချိန် နောက်ဆုံးခုခံတိုက်ပွဲများ
လှလှပပရယ်မော
ဖြတ်သန်းချင်ပေမယ့်
မလိမ်မိုးမလိမ်မာ
နိုင်ငံတော်အောက်မှာ
ကိုယ်တို့ဘ၀တွေ
မိုးမှလင်းပါ့မလား ညီမလေး
မမျှော်လင့်ထားတဲ့
အရာတွေကို မျှော်လင့်ထားပါ
တောင်ကုန်းပေါ်မှာ
ဟိုဟိုဒီဒီ အဆက်မပြတ် ၀ဲပျံကျ
မျှော်လင့်ရာမဲ့
နာကျင်ကျည်ဆန်များ
တိမ်တိုက်တွေလိုလေ
ဘယ်နားသွားမလဲ
ဦးတည်ရာမရှိ
လမ်းပြမြေပုံများ ဟောင်းနွမ်းသွားပြီ
ညီမလေးရဲ့ လက်ချင်းတွဲထားလိုတဲ့ အလင်းတံခါးများ
ကိုယ်ကြောင့်
မှောင်မိုက်ခဲ့လေသလား
ပုခုံးထက်က
ဝတ္တရားမှာ ညီမလေးလည်း နာကျင်ခဲ့ရတယ်
ဘာကို
ရွေးချယ်နိုင်မှာတဲ့လဲ
ငြိတွယ်ခြင်းမှာ
ဘယ်တရားဓမ္မမှ အသုံးမ၀င်တော့
မဟာဗျူဟာမြောက်သစ္စာလမ်းမများ
အတိုက်ခံရတယ်
စိတ်ထဲပဲ့တင်ထပ်နေပေမယ့်
အကြည်လင်ဆုံး
ကြားရတာက
ချက်ချင်းလိုလို ကြွေကျသွားတဲ့
ရယ်သံခပ်ပါးပါးတွေပဲ
တွေးလို့မရနိုင်တဲ့
ဇာတ်သိမ်းတွေနဲ့ အရာရာကို
အားတင်းထားစမ်း
အရင်ကလို စာတွေသင်ပေးမယ်
ပုံပြင်တွေနားထောင်ချင်တယ်ဆိုရင်
ပုံပြင်တွေ ပြောပြမယ်
ကိုယ်တို့ဟာ
ဘာဖြစ်လို့ ဒီလို အတိတိနာကျင်နေရတာကို
ငုံ့ခံနေရမတဲ့လဲ
(၁)
အရာရာဟာ
ပျက်သုဉ်းခြင်းဆိုပေမယ့်
ရှိရှိသမျှဒိုင်းတွေနဲ့
ခုခံဖို့ပဲအမြဲတွေး ညီမလေး
ရက်တစ်ထောင်လား
ရက်တစ်သောင်းလား
ကွာဝေးခြင်းမှာ
တစ်စက္ကန့်ကလည်း
တစ်ကမ္ဘာဖြစ်တယ်
ယဉ်ကျေးတတ်ဖို့သင်ရင်း
ဆိုးနွဲ့ခဲ့ရတယ်
ပတ္တမြားရောင်
အဆီအနှစ်နဲ့ ညနေဟာ
သရိုးသရီဖြစ်နေတဲ့
မျှော်လင့်ချက်အလံလွှင့်ရင်း
သဲတွေနဲ့
ဆင်ခြေလျှောလေးဆီ လျှောဆင်းလာတယ်
ညီမလေးရဲ့ ဆံပင်တွေလည်းဝဲ ကိုယ့်ရဲ့ ဆံပင်တွေလည်းဝဲ
လေထဲမှာ
ဆောက်ခဲ့ရတဲ့ အိပ်မက်တွေ ဖြစ်လိမ့်နိုးနိုးပေါ့
ပထမပိုင်းနဲ့
နောက်ဆုံးပိုင်းကို ရုပ်ရှင်တွေလို
သိပ်ကွာဟပစ်လိုက်ဖို့
မစဉ်စားနဲ့ ညီမလေးရေ
တစ်သားထဲကျမှုဆိုတာ
နာကျင်နေကြချိန်မှာ
သိသာတာကလား
ညီမလေးလိုမျိုး ပေါ့ပေါ့ပါးပါးရယ်မောဖို့
တစ်ခါက
ကိုယ်ကြိုးစားခဲ့ဖူးတယ်
ခုတော့
ညီမလေးက ငိုကြွေးခြင်းဆိုရင်
ကိုယ်က
နာကျင်ခြင်းပေါ့ ညီမလေးက ပျော်ရွှင်ခြင်းဆိုရင်
ကိုယ်က
အောင်နိုင်ခြင်းပေါ့ ဒင်္ဂါးပြားတစ်ဖက်ထဲမှာပဲ
ပစ်ချခံခဲ့ရတဲ့
အသွေးတူအရောင်တူဘ၀တွေ
ကိုယ်တို့
ဘယ်လမ်းရွေးကြမလဲ
ခံတပ်ကလေးမှာ
တရွေ့ ရွေ့ နဲ့
မျှော်လင့်သလို
ဖြစ်မလာရတဲ့ ပုံပြင်တွေ
တံတိုင်းဖြစ်လာတယ်
စိတ်မကောင်းဖြစ်နေလို့ကော
ဘာထူးမှာလဲ
အရှိကို
အရှိအတိုင်းလက်ခံဖို့
အင်အားကြီးသူတွေနဲ့
ထိပ်တိုက်ရင်ဆိုင်ခဲ့ရတယ်
ခေါင်အေးအေးနဲ့
အရာရာကို
ရင်ဆိုင်ချင်တယ်ဆိုရင်
သည်းခံနိုင်ရမယ် ညီမလေး
(၂)
ညီမလေးကို
ကိုယ့်လောက် ဘယ်သူကမှ
အလှမ်းဝေးစေခဲ့မှာမဟုတ်ဘူး
မီးခိုးတွေလို
မှုန်မှိုင်းမှုတွေ စိပ်လာလေလေ
တကြော်ကြော်အော်ခေါ်သံတွေ
မောပန်းလာလေလေပဲ
သိလား
ရာဇ၀တ်သားတွေမဟုတ်ပေမယ့်
ရာဇ၀တ်ဒဏ်သင့်ခဲ့ကြ
ဘယ်အရာတွေကများ
ငါတို့ကို အပင်မြင့် နန်းဆန်စေမှာလဲ
ဆုပ်ကိုင်ထားတဲ့
ဘ၀မှာပဲ အကောင်းဆုံးဖြစ်အောင်
ခုခံကြစို့ရဲ့
မုန်တိုင်းကထန်
ဒီရေကတိုး
ညီမလေးရဲ့ ကိုကို ညအမှောင်မှာညှိုး
မျက်စိရှေ့ မှာတင် တဖြည်းဖြည်းချင်း
ရင့်ရော်ခဲ့ကြ
ညီမလေးလည်း
ရာသီမှားပွင့်တဲ့
ပိတောက်တွေနဲ့
လှိုင်လှိုင်သင့်
ရင့်ရင့်သန်ခဲ့ပေါ့
ကိုယ်တို့ရွေးတဲ့လမ်းမို့
ကိုယ်တို့သွားရမယ်
ညီမလေးရဲ့ ခံတပ်ကလေး ကိုယ့်ကြောင့်
နောက်ဆုံးဖြစ်ခဲ့သလား
တစ်ခါကရာဇ၀င်ထဲမှာ
အန္ဓလူမိုက်တွေရဲ့ သွေးနဲ့
ရက်ဖောက်လှပခဲ့တဲ့
ဧကရီမတစ်ပါး ရှိခဲ့ဖူးတယ်
မိုးမပြိုပေမယ့်
စိတ်ကူးတွေ
ကမ္ဘာလို
ပြိုပျက်ခဲ့တယ်
ညီမလေးလည်း
လက်အစုံ လှိုင်းထန်မာကြော
ရဲတင်းသထက်ရဲတင်းရင်း
ရှေ့ တိုးကြမယ်ဆိုတဲ့ သီချင်းတွေမှာ
သူရဲကောင်းဆန်တဲ့
သူပုန်မလေးဖြစ်သွားတယ် တူရဲ့
ဘယ်မှန်းမသိပေမယ့်
တစ်နေ့တော့
ခြားနားကြမှာပဲ
သွားတော့မယ်လို့
နှုတ်မဆက်ရက်ပေမယ့်
မိုးမလုံနိုင်ငံတော်မှာ
မိုးမလင်းမချင်း
ညီမလေးကို ထားခဲ့ရလိမ့်မယ်
(၃)
လူတွေကအရမ်းမိုက်မဲကြတာပဲ
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ်တို့လည်း
မိုက်မဲခဲ့ကောင်း
မိုက်မဲခဲ့ကြမှာပါပဲ
ညီမလေးကို
ရိုးသားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလို့ပဲ
ပွေ့ပိုက်ထားမိတယ်
ညီမလေး
ကိုယ့်ကမ္ဘာ
ကိုယ့်အရပ်ဒေသမှာ
ညီမလေးရှိတယ်ဆိုတဲ့
အထိအတွေ့တွေကြောင့်
အဆုံးသတ်တိုက်ပွဲတွေနွှဲရတာ
မမောမပန်းပဲ
ညီမလေးရေ
ငါတို့တွေ
တောင်အရပ်က စကားပြောလို့ အဆင်မပြေနိုင်တဲ့အခါ
မြောက်အရပ်ကနေ
လှည့်ပြီး စကားပြောကြမယ်လေ
အချိန်မရွေးပြန်ဆုတ်ခွါနိုင်ပေမယ့်
ညီမလေးကြောင့်
ဘယ်တော့မှ နောက်ပြန်ဆုတ်ဖို့
မစဉ်းစားတော့ဘူး
သီချင်းလေးတွေဆိုရင်း
ပုံပြင်လေးတွေပြောရင်း
ရင်ဆိုင်ကြတာပေါ့
သွားရတော့မယ်
ညီမလေးရေလို့
အချက်ပေးခေါင်းလောင်းသံတွေ
တစ်နေ့နေ့မှာ
မြည်လာခဲ့ရင်
ဘယ်တော့မှမဝေးဘူးဆိုတဲ့ စိတ်တွေနဲ့
နောက်ဆုံးတိုက်ပွဲမှာ
ရဲဝံ့စွာ စတေးခံတော်လှန်ကြမယ်
ဒီမှာ
ညီမလေး လူတွေကအရမ်းရက်စက်ကြသလိုမျိုး
ကိုယ်တို့ကလည်း
ကိုယ်တို့တတွေရဲ့ ချစ်ခြင်းမှာ
တခြားသူတွေအားလုံးကို
ရက်စက်ပစ်ရလိမ့်မယ်
မယုံနိုင်စရာပါပဲ
အသက်ရဲ့ လှိုင်းခတ်သံ
နှလုံးအိမ်မှာ
ရိုက်ခတ်တိုင်း တစ်ရက်ခြင်းစီဟာ
လွမ်းစိတ်တွေ
စိမ့်ဝင်ကျစ်လစ်လို့ပေါ့
ရာဇ၀င်ကိုရေးရတော့မယ်
ညီမလေးရေ
ကျောင်းခေါင်းလောင်းသံအဆက်ဆက်မှာ
ကိုယ်တို့တာဝန်
ကိုယ်တို့ကျေပွန်ကြရမယ်
ဘယ်တော့မဆို
ရယ်မောတတ်ပါစေ ညီမလေး
ဘယ်တော့မဆို
အဓိကကျတာကို ဖမ်းဆုပ်တတ်ပါစေ ညီမလေး
အချိန်တိုင်းမှာ
ညီမလေးဟာ လက်ယဉ်ပြီးသား
ဓါးသမားတစ်ယောက်ပုံစံ
ဖြစ်နေရမယ်
ခဲလုံးလေးတွေ
ရေထဲကို ပစ်ပေါက်ကြည့်တိုင်း
မုန်းတီးရတဲ့
ကမ္ဘာမြေကို ပစ်မှတ်ထားတယ်လို့ ခံစားပါ
ဘာကိုမှ
လျှော့မတွက်နဲ့ ညီမလေး
နွေးထွေးပါ
လက်မခံပါနဲ့
မိရိုးဖလာယုံကြည်မှုတွေအကုန်လုံး
စွန့်ပစ်လိုက်စမ်း
ကိုယ်တို့က
ကိုယ်တို့အဖြစ်နဲ့ ရှင်သန်နေမှာပါပဲ
မြေစမ်းခရမ်းလည်းပျိုးကြရင်း
ကျည်အိမ်တွေလည်းဆေးကြောရင်း
နဲနဲလေးတောင်
ဓမ္မမဆန်တဲ့ သူတော်စင်တွေကို
အဓမ္မဆန်ဆန်
အကြမ်းဖက် ဖြိုခွင်းပစ်ရမယ်
မင်းက
နူးညံ့ညင်သာပြီးသားပါ ညီမလေး
(၄)
တစ်ယောက်မရှိတဲ့
တစ်ယောက်ကမ္ဘာဟာ
အမြဲတမ်းနိုင်ထက်စီးနင်းခံနေရမှာပဲ
ခုတော့
ညီမလေးလည်း ရင့်မာသင့်သလောက်
ရင့်မာတတ်ခဲ့ပြီလေ
ကိုယ်ပျော်တယ်
အမြဲတမ်းခြိမ်းခြောက်ခံနေရမှာထက်စာရင်
ယဉ်ကျေးနူးညံ့စွာ
ပုန်ကန်ကြမ်းတမ်းပြနေရတာကမှ
မင်းရယ်ကိုယ်ရယ်ကို
လှပစေလိမ့်ဦးမယ်
အမြဲလိုလိုကြမ်းကြုတ်ရက်စက်တတ်တဲ့
ဝန်းကျင်တခွင်ကို
တန်ပြန်ထိုးခုတ်နိုင်ဖို့
ကိုယ်တို့ချစ်ခြင်းနဲ့
အနီးစပ်ဆုံးဓါးရေးတွေကို
ညီမလေးကို
သင်ပေးရဦးမယ်
ဘယ်တော့မဆို
ကိုယ့်တာကိုယ်လုံပါစေညီမလေး
ကိုယ်အရချင်ဆုံးမဲတစ်မဲဟာ
ညီမလေးရဲ့
လက်ခုပ်သံတွေပဲ
ရက်စက်တတ်တဲ့လောကကြီးဟာ
ရက်စက်ခြင်းအသစ်တွေ
မွေးဖွါးလာလေ
ငါတို့က
တုံ့ပြန်ခြင်းတွေ ပြန်မွေးဖွါးလေနဲ့
ရန်ကို
ရန်ခြင်း ပြင်းပြင်းထန်ထန်တုံ့ပြန်ကြရင်း
ငါတို့ရဲ့ ချစ်ခြင်းကို သံသရာလည်ပတ်စေရမယ်
ခံစားချက်တွေပြင်းထန်တိုင်း
မျက်နှာမှာ
ထုတ်မပြမိစေနဲ့
ညီမလေး
ကောက်ကျစ်ခြင်းကို
သင်ပေးတာမဟုတ်ပေမယ့်
ကောက်ကျစ်လေ့ရှိတဲ့လူတွေကြားမှာ
ကောက်ကျစ်ခြင်းအတတ်ကို
ယဉ်ပါးတတ်မြောက်ထားဖို့လိုတယ်
စွန့်ပစ်ခံရခြင်းမှာ
ကိုယ်တို့အားလုံး
နေသားတကျဖြစ်သွားဖို့ပဲ
ဆုတောင်းတယ်
ယုံကြည်ချက်ဆိုတာ
ဆူးနဲ့ဖြစ်ဖြစ် ဆောက်နဲ့ဖြစ်ဖြစ်
တိုက်စားခံနိုင်လေ
တန်ဖိုးတက်လေပဲ
အစွန်းရောက်ခြင်းကို
မနှစ်သက်ပေမယ့်
ထိခိုက်နာကျင်ဖန်များလာရင်
အစွန်းရောက်သထက်ရောက်ဖို့
ဖြစ်လာလေလေပဲ
ယိုင်နဲ့နေတဲ့
သွေးဟောင်းတွေကို
ဘယ်လိုအမှန်တရားမျိုးနဲ့ဖြစ်ဖြစ်
ဖောက်ထုတ်ပစ်ရမယ်
စိတ်ဓါတ်ကအရေးကြီးသတဲ့
ကိုယ်တို့စိတ်ဓါတ်ကို
ကိုယ်တို့ဘယ်လို
အဓိပ္ပါယ်ဖွင့်ဆိုမလဲ
ပြန်ပြောခွင့်မရှိတဲ့
လှည့်ဖျားခံခဲ့ရသမျှ
ဒဏ်ရာတွေကို
ပွတ်သပ်ယုယနေရတာကိုပဲ
သည်းခံတယ် ပြောမလား
ချောင်ပိတ်ရိုက်ခံရတဲ့အခါ
နာကျင်သက်သာအောင်
ပြန်ခုခံမိတာကိုပဲ
ရိုင်းစိုင်းတယ်ပြောမလား
လူတွေက
အဲ့ဒီ့လောက် ရက်စက်ပြနေမှတော့
ကိုယ်တို့ကငြိမ်ခံရင်း
တရားဒေသနာတွေကို ခေါင်းထဲထည့်နေရဦးမလား
ရွေးချယ်ဖို့ရှိတယ်
ငါတို့အသိတရားမှာ
ငါတို့ထိခိုက်နေရသမျှ ကာ လပတ်လုံး
သွေးအမြန်တိတ်အောင်
တစ်ယောက်နဲ့တစ်ယောက်
ဆေးပေးမီးယူလုပ်ကြဖို့ပဲ
ငါတို့ချစ်ခြင်းရဲ့ အငြိုးအတေးမှာ
သက်ရှိမဟုတ်တဲ့
ညနေခင်းကိုတောင်
နီစွေးလွင့်ကျသွားစေရမယ်
(၅)
နောက်ဆုံးဆိုတာ
ရထားတွေရောက်မလာနိုင်တဲ့
ဘူတာပျက်တစ်ခုထဲက
သံချေးတွေလိုပဲ
ဘာမှ
သုံးရတော့မှာမဟုတ်ဘူး
တစ်ခုခုကတော့
သေချာပေါက် ကွဲကြေ
လွင့်စင်ရလိမ့်မယ်
ထင်တယ်
လရောက်အဆုပ်လိုက်ပွင့်နေတဲ့
ညအောက်မှာ
ပရောမီးသီးယပ်(စ်)ပုံပြင်လေး
ပြောပြချင်ပေမယ့်
ဒီနှစ်တန်ဆောင်တိုင်ကို
ကိုယ်မပိုင်နိုင်ခဲ့ဘူး
အမှန်တရားရဲ့ ဒေါက်တိုင်တစ်ချောင်းအဖြစ်
ဘ၀ကိုပုံဖော်ထားရင်း
မရေရာတဲ့ အနာဂါတ်အတွက်
ညီမလေးကို
ဖြေသိမ့်ပေးရဦးတော့မယ်
ခင်ဝမ်းရဲ့ 'ပြည်မှာဆောင်း'ကို တိုးတိုးလေး
ပြန်ညည်းမိချိန်မှာ
ဒီဘက်ခေတ်ဆောင်းတွေဟာ
ကိုယ်တို့ကို
မှုန်ဝါးသထက်မှုန်ဝါးလာစေနေပါလား တွေးမိတယ်
စိတ်မကောင်းစရာတွေကို
စီးကရက်တွေနဲ့ ဖြေဖျောက်သလိုမျိုး
ညီမလေးကလည်း
စာတွေကျက်ရင်း ဖြေဖျောက်နိုင်ပါစေ
ကြိုးစားပါ
ညီမလေး
ဖြစ်နိုင်ရင်
ဆုတောင်းခြင်းအလုပ်ကို မေ့ပစ်လိုက်ပါ
ငါတို့
ငယ်ငယ်ကသင်ခဲ့ရတဲ့ မေတ္တာတရားဆိုတာ ယုံတမ်းပဲ
လိပ်ဥ၀ှက်တမ်းကစားကြသလိုပေါ့
ကလေးတွေရဲ့ ဆော့ကစားသံတွေတောင်
အရောင်တွေစွန်းနေပြီပဲ
လျှော်ဖွပ်မနေနဲ့တော့
ညီမလေး
ကိုယ်တို့လည်း
ကိုယ်တို့ဖြတ်သန်းခဲ့တဲ့ လမ်းမတစ်လျှောက်
စွန်းထင်းပေကျံခဲ့ကြတာပဲလေ
အရူးတွေက
အလံအသစ်ပြောင်းချိန်
ကိုယ်တို့ကတော့
ငှက်ကလေးတစ်ကောင် အားကြိုးမာန်တက်
တိုက်ခိုက်နေပုံပါတဲ့
အလံလေးကိုပဲ ဆက်ပြီး ကိုင်စွဲကြမယ်
ညီမလေးရဲ့ ယုံကြည်ချက်တွေကို မိုးကုတ်စက်ဝိုင်းထိရောက်အောင်
ပို့လိုက်နိုင်ပြီဆိုရင်
ဘယ်လိုလူကမှ ဒုက္ခလာပေးနိုင်မှာ မဟုတ်တော့ဘူး
မိုးကုတ်စက်ဝိုင်းကြီးဆီ
ရန်သူတွေပစ်ခတ်လိုက်တဲ့ မီးကျည်တွေက
သူတို့ရဲ့ တပ်စခန်းတွေကိုပဲ ထိမှန်စေလိမ့်မယ်
(၆)
ကိုယ်တို့ချစ်ခြင်းတွေ
ခြောက်ပစ်ကင်းသဲလဲစင်ခဲ့ပေမယ့်
ငွေ့ငွေ့ကလေး
ရုန်းကန်ရှင်သန်ခဲ့ရတယ် ဘယ်လောက်ပဲ နီးကပ်နေပါစေ
ဝေးကွာခြင်းကို
ဘယ်သူမှ တားလို့ဆီးလို့ရမှာ မဟုတ်ဘူး ညီမလေး
အခွင့်အရေးဘယ်လောက်ရှိတယ်ပြောပြော
ကိုယ်တို့တတွေရဲ့ အောင်မြင်ခြင်းဟာ ဖြူစင်မှာဖြစ်သလို
ကျဆုံးခဲ့ကြမယ်ဆိုရင်လည်း
သန့်ရှင်းနေမှာပဲ
ပုန်ကန်ခဲ့သမျှတွေအတွက်
သွေးချင်းချင်းနီစမ်းပါစေ
ကိုယ်တို့ချစ်ခြင်းရဲ့ ၀န်းကျင်တခွင်ကို ကိုယ်တို့
အလွယ်တကူ
အညံ့ မခံခဲ့ကြဘူးဆိုတာ
ညီမလေး
ဂုဏ်ယူနေရမယ်။ ။
ရွှေ ကြယ် မိုး
Tuesday, October 8, 2013
ငါတို့ရဲ့ ရွှေပြည်တော်ထဲ နေ့စွဲများ
အတည်ငြိမ်ဆုံးစိတ် အိပ်မက်တွေကို ဖျက်ချထားတယ်
ပြန်မလာတော့မယ့် ခရီးရှည်ကြီးဆီ ယုံကြည်ရာတွေ ထုဆစ်ရင်း
အတူတကွ သွားကြတာပေါ့လေ
လူတစ်ယောက်ကို တစ်ချိန်ကြရင် ကျန်လူတစ်ယောက်က
စွန့်ခွါကြဦးမှာပဲထင်တယ်…ကြည့်လေ…တစ်စက်စက်ယိုဖိတ်နေတဲ့
ဖြစ်တည်မှုတွေ
စွန့်လွှတ်မှုကို အနစ်နာမခံနိုင်တဲ့အခါ ရရှိရတဲ့ နာကျင်မှုတွေလို
မှားခဲ့သမျှအတွက် တာဝန်ပြန်ကြေချင်တဲ့ စိတ်တွေ
အားလုံးအတွက် အသင့်အနေအထား ပြင်ဆင်ထားခဲ့
အတိုင်းအတာမရှိ ကတိစကားဟာ သံမဏိဆန်တယ်
ဒါ ကိုဝင်းကို ပြောတဲ့ ချစ်ခြင်းမေတ္တာကြောင့်တော့ မဟုတ်ဘူး
ညဘက်ပျင်းလာပြီဆိုတာနဲ့ ဖုန်းနံပါတ်ကိုနှိပ်ပြီး တာဝန်တွေကို
နားထောင်နေခဲ့တယ်… အရေးကြီးတာက နားလည်မှုတည်ဆောက်ဖို့ပေါ့
ခုတော့ စိတ်ရောကိုယ်ပါစွမ်းအားမြှင့်သင်တန်းမှာ မြှုပ်နှံထားရတယ်
ဖုန်းတွေအပြန်အလှန်ချိတ်ဆက် လှုပ်ရှားမှုတွေပြတ်တောက်
ကျောထောက်နောက်ခံတွေကွာဟခဲ့ကြ…ရဲဘော်ဆန်ဆန် လက်တွဲလုပ်ချင်စိတ်တွေ
ဘယ်လိုပုံစံတွေနဲ့ တစ်ယောက်တည်းဖြတ်သန်းနေမယ်တွေးတိုင်း
သင်ခန်းစာတွေပြတ်တောက်ကုန်တယ်…အိတ်ဇစ်ဝါဒီကဗျာဆရာတစ်ယောက်
ခံစားချက်အကုန်ချိတ်ပိတ်ထားရပြီး အရေးတကြီးပို့ချချက်တွေမှာ
စိတ်နှစ်ထားရတယ်
အမြင့်ရောက်လေ လေတိုက်ခံရလေ…တာဝန်များတစ်ရက်ပြီးတစ်ရက်ထပ်တိုးလာခဲ့
ကျန်နေခဲ့တဲ့တို့လို့တန်းလန်း အစီရင်ခံစာတွေထဲ တစ်ယောက်တည်းစိတ်ဖိစီးနေမလားတွေးပူ
အားလုံးနဲ့ဝေးရာတစ်ကိုယ်တည်းရောက်ရှိ…တစ်ချို့ နေရာတွေမှာ
ကိုယ်ကိုယ်တိုင်
အနာခံပေးဖို့လိုမှန်း သိသိလာတယ်…Xin Xing တစ်လိပ်နဲ့ ဖိုင်တွဲတစ်တွဲလုံးကို
ဆုပ်ကိုင်ထားရင်း…ခုထိမဖြည်ရသေးတဲ့လက်သီးဆုပ်မှာ တစ်ယောက်တည်းဗျာများနေမှာကို
စိုးရိမ်စိတ်တွေပါတယ်… သက်ပြင်းချနေတာကို အရင်ထဲက ကြည့်ချင်ခဲ့တာမဟုတ်ဘူး
ခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ်
သီချင်းနားထောင်တိုင်း အရင်ကထက် ငြိမ်ဆိတ်မိတယ်
ရဲဘော်ရဲဘက်ဆန်ဆန်ရှင်သန်မှုတွေကိုပဲ တောင့်တမိပေမယ့်
တစ်ချိန်ကြရင် လိုလိုမယ်မယ်ဆောင်ထားတဲ့ ဓါးမြှောင်ဟာ ငါ့နောက်ကျောအတွက်
ဖြစ်သွားမလား… အချိန်စွန်းတန်းတွေနှစ်ဖက်လုံး တရွေ့ ရွေ့ ပဲ့ကြွေခဲ့တယ်
အရာအားလုံးအတွက် ငြင်းဆန်ခွင့်မရှိတဲ့ ပေးဆပ်သူတစ်ယောက်ပါ
ကိုယ်နိုင်ရာပစ္စည်းတွေနဲ့ပဲ ပစ်ပေါက်ကြတာပေါ့
အရေးကြီးတာက ဒီဖန်သားပြင်ကြီးကွဲကျသွားဖို့ပဲလေ
နေညိုချိန် အိပ်တန်းပြန်လမ်းရဲ့ ဆန့်ကျင်ဘက်ဆီ ပျံသန်းကြမယ့်
ငှက်တွေနဲ့အတူ ခရီးထွက်ကြဖို့ …နဲ့
ပြန်မလာတော့မယ့် ခရီးရှည်ကြီးဆီ အတူတကွသွားကြဖို့
ငါ သင်ခန်းစာတွေကို ကြိုးစားသင်ယူနေတယ်
အစက်ကလေးတစ်စက်ပဲဖြစ်ပါစေ
ငါ ရောက်အောင် ဆက်ဆက်လာခဲ့မယ်။ ။
ရွှေ ကြယ် မိုး
Subscribe to:
Posts (Atom)